ရန်ကုန်၊ ဩဂုတ် ၄
ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားများသည် ယခင်က BRT Lite စနစ်အောက်တွင် ပြေးဆွဲခဲ့ပြီး နောက်ပိုင်း YBS ၃၇ ယာဉ်လိုင်းအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးခဲ့သော်လည်း နှစ်အတန်ကြာ ရပ်နားထားခဲ့ရသည့် ယာဉ်များဖြစ်သည်။
ယခုအခါ ယင်းဘတ်စ်ကားများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်တပ်ဆင် ပြေးဆွဲပေးခြင်းဖြစ်သည်။ လက်ရှိတွင် ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းအပြင် ဆူးလေ–ဒလ (ကျောင်းရှေ့)၊ ဆူးလေ–ဒလ (ချယ်ရီသင်္ဘောဆိပ်) နှင့် ဒလ–တွံတေး ယာဉ်လိုင်းများတွင်လည်း ပြေးဆွဲပေးလျက်ရှိပြီး နေ့စဉ် နံနက် ၅ နာရီမှ ၆ နာရီအတွင်း စတင်ကာ ညနေ ၆ နာရီမှ ၇ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါ Scania Marcopolo ဘတ်စ်ကားများသည် ယခင် BRT Lite စနစ်ဖြင့် ပြေးဆွဲစဉ်ကတည်းက သက်သောင့်သက်သာရှိပြီး ခရီးသည်များ စိတ်ကြိုက်တွေ့ခဲ့သည့် ယာဉ်အမျိုးအစားဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ပြေးဆွဲလာမှုကို ဒေသခံ ခရီးသွားပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သိရသည်။
