အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ် ဂါလူဇင်(Mikhail Galuzin) က TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တတိယအကြိမ်မြောက် ကာဇက်စတန်-ရုရှား မီဒီယာဖိုရမ်ရဲ့ ဘေးထွက်ဆွေးနွေးပွဲတစ်ခုမှာ သူက”ကျနော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိနေသလို၊ ဆွေးနွေးပွဲကနေတစ်ဆင့် အဖြေရှာဖို့လည်း အမြဲတံခါးဖွင့်ထားပါတယ်။ ဒါကိုလည်း ထပ်ခါတလဲလဲ သက်သေပြခဲ့ပြီးသားပါ။ ဆွေးနွေးပွဲကနေ နှုတ်ထွက်သွားတာ၊ ဆွေးနွေးပွဲမလုပ်ဖို့ မိမိဘာသာ ပိတ်ပင်လိုက်တာနဲ့ ပြောရရင် အမျိုးမျိုး မတည်မငြိမ် မူမမှန် လုပ်ခဲ့တာက တစ်ဖက် ယူကရိန်းဘက်ကပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့တာပါ။
“အနောက်အုပ်စု၊ ဆိုလိုတာက ယူကရိန်းကို ထောက်ပံ့ပေးနေသူတွေကြားထဲမှာ ပဋိပက္ခရဲ့ အဓိကဇာစ်မြစ်တွေကို ဖြေရှင်းဖို့ ရိုးသားပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လိုအပ်တယ်ဆိုတာကို ရင့်ကျက်စွာ နားလည်လာကြပြီဆိုရင်တော့၊ ဒီလိုဆွေးနွေးပွဲမျိုး ဖြစ်လာဖို့ မျှော်လင့်ချက် ရှိလာနိုင်ပါတယ်” လို့ ဒုတိယဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။
”ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ တစ်ဖက်မှာ အသင့်ဖြစ်မှု မရှိဘူး၊ အနောက်အုပ်စု ထောက်ပံ့သူတွေနဲ့ ကျနော်တို့အကြား ရရှိထားတဲ့ သဘောတူညီချက်တွေကို ယူကရိန်းအစိုးရက လိုက်နာအောင် လုပ်ဆောင်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ ကျနော်တို့ဘက်က အထူးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပဋိပက္ခရဲ့ မူလဇာစ်မြစ်တွေကို အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်သလို၊ ကျနော်တို့ရဲ့ အကျိုးစီးပွားတွေကိုလည်း စစ်ရေးနည်းနဲ့ပဲ ကာကွယ်သွားမှာပါ။ ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင်နဲ့ ထိတွေ့မှုစည်း နှစ်ဖက်စလုံးမှာရှိတဲ့ ကျနော်တို့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ထိရောက်ပြီး ပစ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်လှုပ်ရှားသွားမှာပါ” လို့ ဂါလူဇင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ ကာဇက်စတန်အကြား ပထမအကြိမ် မီဒီယာဖိုရမ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက TASS သတင်းဌာန နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မော့စကိုမြို့မှာရှိတဲ့ TASS ဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ဒုတိယအကြိမ် ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့နှစ်က အယ်လ်မာတီ(Almaty) မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
