ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန် DEMU (Japan) ခရီးသည်တင်ရထား တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ညနေ ၄ နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘုရားကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ အသက် ၂ နှစ်အရွယ် သက်ဖြိုးပိုင်ဖြစ်ကြောင်း သိရသည်။
မီးရထားဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ကလေးငယ်သည် အဖိုး၊ အဖွားတို့နှင့်အတူ မီးရထားလမ်းဘေးရှိ နေအိမ်တွင် နေထိုင်သူဖြစ်ပြီး မိဘများမှာ အခြားဒေသတွင် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာရဲစခန်းက လုပ်ထုံးလုပ်နည်းနှင့်အညီ သေမှုသေခင်းအဖြစ် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာ့မီးရထားတာဝန်ရှိသူများက မီးရထားလမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း မီးရထားလမ်းအနီး နေထိုင်သူများအနေဖြင့် ကလေးငယ်များကို အနီးကပ်စောင့်ရှောက်ကြပ်မတ်ရန်နှင့် မီးရထားလမ်းပေါ် ဖြတ်သန်းသွားလာရာတွင် လုံခြုံရေးစည်းကမ်းများကို အထူးဂရုပြုလိုက်နာရန် လိုအပ်ကြောင်း သိရသည်။
