ရန်ကုန်၊ သြဂုတ်-၂
ရန်ကုန်မြို့ ၊ ပြည်လမ်းမပေါ်ရှိ Lotte Hotel တွင် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းပြပွဲ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲကို ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ လေးရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၅၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်သည်။
” ကျွန်တော်တို့ ကျင်းပမယ့် YGJF 2026 ဟာဆိုလို့ရှိရင် အရင် အရှေ့က ပြပွဲတွေနဲ့ မတူဘဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း MGE ရဲ့ လမ်းညွှန်မှုတွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Myan Trade ရဲ့ တရားဝင် ပံ့ပိုးကူညီ ဆောင်ရွက်မှုတွေနဲ့ ကျွန်တော်တို့ ဒီပွဲကို ဒီတစ်ခေါက် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ YGJF 2026 ဟာဆိုရင် ကျောက်မျက်နှင့် လက်ဝတ်ရတနာများကို ပြသ ရောင်းချရုံ သက်သက်ပဲ မဟုတ်ဘဲ ကျွန်တော်တို့ မြန်မာ့ Gems & Jewelry Brand ကို မြှင့်တင်ပေးနိုင်မယ့် Platform တစ်ခု၊ Jewelry with Business Networking Hub တစ်ခု၊ International နဲ့ Domestic Buyers တွေကို ပြည့်စုံ ချိတ်ဆက်နိုင်မယ့် Marketplace တစ်ခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ Tourism, Trade နဲ့ Investments တွေကို ချိတ်ဆက်နိုင်မယ့် Gateway တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်ကပြောသည်။
ယင်းပြပွဲကို မြန်မာ့ကျောက်မျက်ရတနာအချောထည်ကဏ္ဍကို ပြည်တွင်းမှတဆင့် နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ငွေကျပ် ၁၀ သိန်း၊ ငွေကျပ် သိန်း ၂၀ တန်ကျောက်မျက်များကိုရောင်းချပြီး ယင်းမှရရှိသည့် ငွေကြေး ၁၀ ရာခိုင်နှုန်းကို အခြားသောကျန်းမာရေးကဏ္ဍများတွင်လှူဒါန်းနိုင်မည့် CSR ပရိုဂရမ်တစ်ခုကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
