ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ် ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲပိုင်းမှစ၍ ရေပြန်လည် ကျဆင်းလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် (၁၂) နာရီအတွင်း အနည်းငယ် ပြန်လည်တက်လာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ချောင်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ဆက်လက် သတိပြုရန် လိုအပ်နေသည်။
မယ်ဆိုင်ချောင်း၏ အနာဂတ်အလားအလာ
မယ်ဆိုင်ချောင်း၏ ရေမျက်နှာပြင်သည် မိုးရွာသွန်းမှုအပေါ် တိုက်ရိုက် မူတည်နေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ မိုးလေဝသခန့်မှန်းချက်များအရ မယ်ဆိုင်မြို့နှင့် ကပ်လျက်ရှိ မြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နောက်ထပ် ၁ ရက်မှ ၃ ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိပြီး မြေပြိုမှုနှင့် လျှပ်တစ်ပြက်ရေကြီးမှု သတိပေးချက်များ ထုတ်ပြန်ထားသည်။
နှစ်စဉ် ချောင်းရိုးတစ်လျှောက် နုန်းမြေတင်ကျန်မှု၊ သစ်တောပြုန်းတီးမှုနှင့် မြစ်ကြောင်း ကျဉ်းမြောင်းလာမှုတို့ကြောင့် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများ မကြာခဏဆိုသလို ကြုံတွေ့နေရမည်ဖြစ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။
“တာလော့စျေး မယ်ခေါင်ရပ်ကွက် ဆိုင်ခန်း ၊အိမ် ဌားတဲ့လူကိုမရှိတော့ဘူး၊ ရေက ဗိုလ်ချုပ်လမ်းမကြီးထိ တက်လာနေပြီ”ဟု ဒေသခံ တစ်ဦးကဆိုသည်။
ရှမ်းအရှေ့ ရေကြီးမှုနှင့် ရေရှည်ဖြေရှင်းရမည့် အဓိကအချက်များ
တာချီလိတ်နှင့် မယ်ဆိုင်ဒေသတို့တွင် နှစ်စဉ် ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်ကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် အောက်ပါ ကဏ္ဍကြီး (၄) ခုကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည် –
မြစ်ကြောင်းနှင့် ရေနုတ်မြောင်းများ ပြုပြင်ထိန်းသိမ်းခြင်း –
မယ်ဆိုင်ချောင်း အောက်ခြေတွင် တင်ကျန်နေသော နုန်းနှင့် သဲများကို စနစ်တကျ ဆယ်ယူရန်၊ ကမ်းပါးပြိုကျမှုနှင့် ရေလျှံမှုကို ကာကွယ်ရန် တာတမံများ တည်ဆောက်ရန်နှင့် မြို့တွင်း ရေနုတ်မြောင်းများ ပိတ်ဆို့မှုကို မိုးမကျမီ ကြိုတင်ရှင်းလင်း ဆောင်ရွက်ရန်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း –
မယ်ဆိုင်ချောင်းဖျားနှင့် အထက်ပိုင်းဒေသများတွင် သစ်တောများ ပြန်လည်စိုက်ပျိုး၍ ရေထိန်းအား မြှင့်တင်ရန်။ ထို့အပြင် မိုးဆတ်နှင့် အခြားဒေသများရှိ ရွှေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ နုန်းမြေနှင့် စွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်း စီးဝင်မှုကို ထိရောက်စွာ တားဆီးရန်။
နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်း –
မယ်ဆိုင်ချောင်းသည် မြန်မာ-ထိုင်း နယ်စပ်မြစ်ဖြစ်သည့်အတွက် ရေရှည်ဖြေရှင်းနိုင်ရန် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ရေမျက်နှာပြင် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်ခြင်း၊ မြစ်ကြောင်း ပြုပြင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်။
ကြိုတင်သတိပေးစနစ် မြှင့်တင်ခြင်း –
မိုးလေဝသ အချက်အလက်များကို အခြေခံ၍ မြစ်ရေတက်လာနိုင်မှုကို မိနစ်/နာရီအလိုက် တိကျစွာ ကြိုတင်သတိပေးနိုင်မည့် စနစ်များ ထူထောင်ပြီး ပြည်သူများထံ အချိန်မီ အသိပေးနိုင်ရန်။
နှစ်စဉ် ဖြစ်ပွားနေသည့် တာချီလိတ် ရေဘေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ဒေသခံ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားရန် မဖြစ်မနေ လိုအပ်လျက်ရှိကြောင်း လေ့လာသုံးသပ်ဖော်ပြလိုက်ရပါသည်။