နေပြည်တော်၊ ဇူလိုင် ၂၇
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကမ်းပါးမှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပညာသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေသားများကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ မိုးရာသီကာလအတွင်း တောင်စောင်းနှင့် နီးစပ်သည့်နေရာများတွင် သွားလာနေသူများအနေဖြင့် သတိပြုကြရန် သက်ဆိုင်ရာက တိုက်တွန်းထားသည်။
