နေပြည်တော်၊ ဇူလိုင် ၂၅
ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ Mobile Phone နှင့် Online Platform များကို ပညာရေးအထောက်အကူပြုနည်းလမ်းအဖြစ် အကျိုးရှိပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရေးအတွက် ကျောင်းစည်းကမ်းများ ချမှတ်ခြင်း၊ မိဘ၊ ဆရာ၊ ကျောင်းသားများ ပူးပေါင်းအသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ Digital Safety အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် သင်ကြားသင်ယူမှုဖြစ်စဉ်တွင် မိဘများ၏ ပူးပေါင်းပါဝင်မှုသည် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသဖြင့် အခြေခံပညာကျောင်းများတွင် မိဘ-ဆရာအသင်းများကို စနစ်တကျဖွဲ့စည်းထားပြီး မိဘများ ပိုမိုပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Mobile Phone အသုံးပြုမှုကို ကန့်သတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများ ဖုန်းအလွန်အကျွံသုံးစွဲခြင်း၊ မသင့်လျော်သည့် အကြောင်းအရာများကို အတုယူခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိတည်ဆဲဥပဒေများတွင် ကလေးများ၏ Mobile Phone အသုံးပြုမှုကို တိုက်ရိုက်ကန့်သတ်ထားသည့် ပြဋ္ဌာန်းချက်မရှိသေးသော်လည်း ကလေးများကို ဥပဒေအရ အကာအကွယ်ပေးခြင်းနှင့် လိုအပ်ပါက အရေးယူနိုင်သည့် ပြဋ္ဌာန်းချက်များ ရှိပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။
