နေပြည်တော်၊ ဇူလိုင် ၂၃
လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်းကို ဇူလိုင် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဖြေကြားရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၌ အလယ်ပေါင်းလောင်း၊ ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဌေးနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများကို ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်တောင်းခံ၍ နယ်မြေအခြေအနေပေါ် မူတည်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် လျှော့ချနိုင်ရေးအတွက် အလယ်ပေါင်းလောင်းစီမံကိန်းကို တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် Notice to Proceed ထုတ်ပေးထားပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်နိုင်ရေး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ရွှေလီ (၃) စီမံကိန်းကိုလည်း နယ်မြေအခြေအနေပေါ်မူတည်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကိုလည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဒုတိယဝန်ကြီးက ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာအကူအညီများဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် ပြန်လည်ပေးဆပ်ဆဲ စီမံကိန်း (၁၅) ခု၊ နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲ စီမံကိန်း (၂၁) ခု၊ ချေးငွေဖြင့် ဆောင်ရွက်ရန် အဆိုပြုထားသည့် စီမံကိန်း (၁၅) ခုတို့မှာ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ တာဝန်ယူခဲ့သည့် အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိတွင် ချေးငွေပေးဆပ်ပြီးစီးသည့် စီမံကိန်း (၉) ခု၊ စီမံကိန်းပြီးစီးပြီး ချေးငွေပေးဆပ်ဆဲ (၂၁) ခု၊ ဆောင်ရွက်ဆဲ စီမံကိန်း (၈) ခုနှင့် ချေးငွေအဆိုပြုခဲ့သော်လည်း မရရှိခဲ့သည့် စီမံကိန်း (၁၃) ခုရှိကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းဖြေကြားခဲ့သည်။
