ရန်ကုန်၊ ဇူလိုင် ၂၁
မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football Training Center (RTC) Technical Director and Coaches Workshop 2026-2027 (Phase-2) သင်တန်းကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ နည်းစနစ်ဒါရို-က်တာ Mr. Michiteru Mita နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ RTC နည်းပြများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဦးထွန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Mr. Michiteru Mita က “Role of Coach” ခေါင်းစဉ်ဖြင့် နည်းပြတစ်ဦး၏ အခန်းကဏ္ဍနှင့် သင်တန်းဆိုင်ရာ လမ်းညွှန်ချက်များကို စတင်ပို့ချခဲ့သည်။
MFF နှင့် FIFA တို့ ပူးပေါင်းအကောင်အထည်ဖော်နေသည့် RTC စင်တာများသည် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဒေသအလိုက် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ကစားသမားသစ်များ ရှာဖွေဖော်ထုတ်ရေး (Player Scouting) နှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးတို့ကို အဓိကရည်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်တန်းကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့သင်ခန်းစာများအပြင် Academy U-12 နှင့် U-13 အသင်းများနှင့်အတူ လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များ၊ Child Safeguarding နှင့် Player Scouting ဆိုင်ရာ ဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
