ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များ၌ပါ အလားတူ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က “ယနေ့ ပြုလုပ်သည့် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိပါသည်။ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့တစ်ခုတည်းသာမက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပရဟိတ/လူမှုရေး အဖွဲ့အစည်းများနှင့် ကျောင်းသား/လူငယ်များပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကျော်ထွန်းက တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂၀၂၄၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များ၏ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လပတ် သုံးသပ်ချက်များတွင် မှုခင်းဖြစ်ပွားမှုအနေဖြင့် –
၂၀၂၄ ခုနှစ်: လူသတ်မှု (၉၆) မှု၊ မုဒိန်းမှု (၆၈) မှု
၂၀၂၅ ခုနှစ်: လူသတ်မှု (၆၇) မှု၊ မုဒိန်းမှု (၇၀) မှု
၂၀၂၆ ခုနှစ်: လူသတ်မှု (၅၃) မှု၊ မုဒိန်းမှု (၅၅) မှု အသီးသီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားခဲ့သည့် မှုခင်းအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး ဦးဉာဏ်မြင့်က “မှုခင်း အရေအတွက် လျော့ကျသွားသော်လည်း ဖြစ်ပွားမှုနှုန်းမှာ အစဉ်တဆော ရှိနေသေးသည့်အတွက် မှုခင်းလျော့ကျရေး လုပ်ငန်းများတွင် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားများနှင့် ပရဟိတအဖွဲ့များ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အစီအစဉ်အရ စကားဝိုင်း (Panel Discussion) ဆွေးနွေးပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
