မြန်မာနိုင်ငံ၌ ဂေဟစနစ်အမျိုးမျိုးပြန်လည်ထူထောင်ရေးကိုမြှင့်တင်ပေးလျက်ရှိသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင်ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲတွေဆုံးရှုံးမှုကိုတားဆီးဖို့၊ ဂေဟစနစ်ဝန်ဆောင်မှုတွေမြှင့်တင်ဖို့နဲ့ ကုလသမဂ္ဂရဲ့ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေရရှိစေဖို့ ဂေဟစနစ်အမျိုးမျိုးပြန်လည် ထူထောင်ရေးကိုမြှင့်တင်ပေးနေပါတယ်”ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောသည်။
ထို့ပြင် သဘာဝသယံဇာတများကိုစဥ်ဆက်မပြတ်စီမံခန့်ခွဲမှုအားကောင်းစေရန်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးများနှင့် ဒေသခံလူထု၏ အရေးပါသောအခန်းကဏ္ဍကိုအသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေကိုပြဌာန်းခဲ့သည်ဟု ပြောသည်။
ထို့အတူ ဒေသခံလူထု၏ရေရှည်တည်တံ့သောလူမှုစီး ပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့မှုတို့ကြား ဟန်ချက်ညီမှုကိုအထောက်အကူပြုစေမည့် လူထုပါဝင်သောသဘာဝထိန်းသိမ်းရေးနယ် မြေစီမံခန့်ခွဲမှုကို ခွင့်ပြုထားသည်ဟု ပြောကြားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသသည် ဟိမဝန္တာတောင် တန်းနှင့်ဆက်စပ်ကာ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများအထူးပေါကြွယ်ဝသည့် နိုင်ငံများဖြစ်သည့် အင်ဒိုဖားမားဒေသ၊ တရုတ်နိုင်ငံ(အနောက်တောင်ပိုင်း) တောင်တန်းဒေသနှင့် ဟိမဝန္တာဒေသတို့၏ ဂေဟစနစ်ကူးပြောင်းရာဇုံတွင်တည်သည်ဟု ပြောကြားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် မြောက်ပိုင်းရှိ မြောက်ပိုင်းအာမိုသစ်တောများမှသည် တောင်ပိုင်းရှိ အပူပိုင်းအမြဲစိမ်းသစ်တောများအထိ ကွဲပြားခြားနားသောသစ်တောအမျိုးအစားများကိုဖြစ်ထွန်းစေခဲ့သည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။
