မြန်မာနိုင်ငံ၌ အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်သော အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့်သားဖွားများမွေးထုတ်ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြော သည်။
နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် သူနာပြုသိပ္ပံ(နေပြည်တော်)အပါအဝင် တိုင်းနှင့် ပြည်နယ်များရှိ သူနာပြုသိပ္ပံများဖွင့်ပွဲအခမ်း အနားတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သူနာပြုနှင့် သားဖွားများကို အရေအတွက်တိုးမြှင့်မွေးထုတ်ရုံသာမက အရည်အသွေးပိုင်းတွင်လည်း မြန်မာ နိုင်ငံ၏ သူနာပြုနှင့် သားဖွားပညာရေးကို အရှေ့တောင် အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သောအရည်အ သွေးပြည့်ဝသည့် သူနာပြုနှင့်သားဖွားများမွေးထုတ် ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်ဟု ပြောသည်။
” နိုင်ငံတကာစံနှုန်းများနဲ့အညီရေးဆွဲထားတဲ့ ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်းတွေနဲ့ လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံသူနာပြုနဲ့ သားဖွားကောင်စီရဲ့ နိုင်ငံတကာသတ်မှတ်စံနှုန်း(၈)ခုပါဝင်တဲ့ သူနာပြုနဲ့ သားဖွားပညာရေးနဲ့ လုပ်ငန်းအ ရည်အသွေး အာမခံမှုအသိအမှတ်ပြုလက်မှတ်ပေး အပ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် ပြည်တွင်း/ပြည်ပတက္ကသိုလ်များ၌ သူနာပြုပါ ရဂူဘွဲ့အဆင့်ထိ အဆင့်ဆင့်တက်လှမ်းသင်ယူနိုင်သော အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်၍ သူနာပြုပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရန် နေပြည်တော်နှင့် တိုင်း၊ ပြည် နယ်အသီးသီးရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၁၅)ကျောင်းကို သူနာပြုသိပ္ပံများအဖြစ်အဆင့်မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံ၌ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အဓိကကျသော သူနာပြုနှင့်သားဖွားစွမ်းအားစုများကို မွေးထုတ်ပေးလျက်ရှိရာ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွား ဒီပလိုမာရရှိသူ(၄၅,၂၄၅)ဦး၊ သားဖွား(၄၂,၅၂၄)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြည်သူလူ ထု၏ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်များကိုထမ်းဆောင်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှု လက် လှမ်းမီအလွယ်တကူရရှိစေရန်ရည်ရွယ်၍ ယခု ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြုသိပ္ပံနှင့် သူနာပြုသင် တန်းကျောင်းများတွင် သူနာပြု-သားဖွားဒီပလိုမာ(၃) နှစ်သင်တန်း ကျောင်းသား/သူ(၅,၉၄၆)ဦးနှင့် သားဖွားသင်တန်းကျောင်းများတွင် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်း ကျောင်းသူ(၁,ဝ၃၅)ဦးတို့ကိုလေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟု ပြောသည်။
ထို့အတူ နှစ်စဉ် သူနာပြုနှင့် သားဖွားများတိုးမြှင့်မွေးထုတ်ပေးလျက်ရှိရာ ၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် သူ နာပြုသိပ္ပံများအဆင့်မြှင့်တင်မှုနှင့်အတူ သူနာပြု-သား ဖွား ဒီပလိုမာ(၃)နှစ်သင်တန်းအတွက် သစ်လွင်သင် တန်းသား/သူ(၂,၉ဝဝ)ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်းအတွက် သင်တန်းသူ(၁,၄ဝဝ)ဦးအထိ တိုးမြှင့်ခေါ်ယူ လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
