မြန်မာ-ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြား ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ရန်ဆွေးနွေး
မြန်မာနိုင်ငံ ဒု-သမ္မတဒေါ်နန်းနီနီအေးသည် ပဉ္စမအ ကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ)လင်ကျစ်မြို့သို့ရောက်ရှိနေသည်။
ထိုသို့ ရောက်ရှိနေစဥ် ယနေ့ ဇူလိုင် ၁၆ ရက်ညနေပိုင်း၌ ဒု-သမ္မတဒေါ်နန်းနီနီအေးက တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူး မစ္စတာဝမ်ကျွန်းကျန်း အားလက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြား ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ဗုဒ္ဓဘာသာစာပေ၊ သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်မှုများဖြင့် ခရီးစဉ်များဖော်ဆောင်ကာ ခရီးသွားကဏ္ဍတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့တွင် နည်းပညာများဖြန့်ဝေပေးနိုင်ရေး၊ တိုင်းရင်းဆေးနှင့် MSME ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒု-သမ္မတဒေါ်နန်းနီနီအေးသည် ဖိုရမ်တက်ရောက်လာသည့် နိုင်ငံများမှ အကြီးအကဲများ၊ ကိုယ် စားလှယ်များနှင့်အတူ ပဉ္စမအကြိမ်မြောက် ဟိမဝန္တာ တောင်တန်းဒေသနိုင်ငံများကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကြိုဆိုဂုဏ်ပြု ညစာစားပွဲကို တက်ရောက်ခဲ့သည်။
