ရန်ကုန်မြစ်အတွင်း ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း အခြေခံရေစံမျဉ်းအထက် ၂၀.၀၁ ပေမှ ၂၀.၇၀ ပေအထိ သာမန်ထက် ထူးကဲသော ဒီရေတက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ ဒီရေတက်မှုသည် စိုးရိမ်ဖွယ်အခြေအနေမဟုတ်သော်လည်း မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ယခင် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်၏ ဒီရေအမြင့်မှာ ၂၂ ပေအထိ တက်ရောက်ခဲ့ဖူးသဖြင့် ယခုခန့်မှန်းထားသည့် ၂၀.၀၁ ပေမှ ၂၀.၇၀ ပေအထိ ဒီရေတက်မှုမှာ စိုးရိမ်ဖွယ်မရှိကြောင်း ဖော်ပြထားသည်။
သို့သော် ရန်ကုန်မြစ်၏ ဒီရေအမြင့်သည် အခြေခံရေစံမျဉ်းအထက် ၂၀ ပေကျော်လွန်နိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဝင်ရောက်နိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အသိပေးထားသည်။
