ဗီယင်ကျန်း၊ ဇူလိုင် ၄
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနှင့် လာအိုနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၀) ကျော်နှစ်နှင့် ရာစုနှစ်များစွာကြာမြင့်သည့် သမိုင်းဝင်ချစ်ကြည်ရေးကို အခြေခံ၍ နှစ်နိုင်ငံသည် အပြန်အလှန်ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ ယခုခရီးစဉ်အတွင်း လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာစေရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုအဆင့်မြှင့်တင်ရေး၊ အစိုးရချင်း၊ လွှတ်တော်ချင်းနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား နှစ်စဉ်ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုမြှင့်တင်ရေး၊ လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍများတွင် ချစ်ကြည်ရေးအသင်းများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ မြွေဆိပ်ဖြေဆေးပံ့ပိုးရေးကဲ့သို့ လူမှုရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနှင့် လာအိုနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံများဖြစ်သည့်အတွက် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်ဖက်စလုံးက အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ရေရှည်ချစ်ကြည်ရေးကို အခြေခံ၍ လာအို-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။
