လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင် စီဖန်ဒွန်နှင့် တွေ့ဆုံကာ မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သံတမန်ရေး၊ စစ်ဘက်ရေးနှင့် အာဆီယံမူဘောင်အတွင်း ဆက်ဆံရေးများ ခိုင်မာလျက်ရှိကြောင်း၊ CLMV၊ မဟာမဲခေါင်ဒေသခွဲ (GMS) နှင့် ACMECS မူဘောင်များအောက်တွင် ဒေသတွင်း အကျိုးဖြစ်ထွန်းရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-လာအို ပူးတွဲကော်မရှင်အစည်းအဝေး ကျင်းပရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး မြှင့်တင်ရေး၊ အလုပ်သမားရေးရာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်နှင့် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော် (Sister Cities) ဆက်ဆံရေး ထူထောင်ရေးနှင့် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး၊ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် နှစ်နိုင်ငံအကြား ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားရေးတို့ကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
