လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာအိုနိုင်ငံ တာဝန်ရှိသူများမှ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်ပိုင်းတွင် ရောက်ရှိလာရာ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက ကော်ဇောနီခင်း၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်ဖြင့် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ လာအိုနိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုဂုဏ်ပြုကြိုဆိုခဲ့သည်။
ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ကြိုဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူထားပြီး မြန်မာ-လာအို နှစ်နိုင်ငံအလံများကို လွှင့်ထူထားကာ လမ်းတစ်လျှောက်တွင်လည်း လာအိုလူငယ်များက လှိုက်လှဲစွာ နှုတ်ဆက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

