ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန်လ ၃၀ ရက်က တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းအခြေအနေများနှင့် ဖလမ်းမြို့ရှိ ယာယီဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုပေးနေမှု အခြေအနေများကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဗားရ်တံတားတို့ကို စစ်ဆေးခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်တံတားများကို အမြန်ပြုပြင်ထိန်းသိမ်း၍ ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရန်၊ မိုးရာသီအတွင်း လမ်းနှင့်တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်နှင့် တောင်ပြိုမှုကြောင့် လမ်းပြတ်တောက်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်စီမံဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဖလမ်းမြို့ ယာယီဆေးရုံသို့ သွားရောက်၍ မြို့မိမြို့ဖများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ယာယီဆေးရုံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ Mobile ခွဲစိတ်ခန်း တပ်ဆင်ထားရှိမှု၊ ရေ၊ လျှပ်စစ်ရရှိမှု၊ ဆေးရုံတိုးချဲ့နိုင်မည့် အခြေအနေနှင့် ဆေးဝါးလုံလောက်မှုအခြေအနေများအပြင် ဆေးကုသမှုပေးနေမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖလမ်းယာယီဆေးရုံ၌ ဆေးရုံအုပ်ကြီးအပါအဝင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၉၀) ဦးဖြင့် ပြင်ပလူနာ (၅၀) ဦးနှင့် အတွင်းလူနာ (၈) ဦးကို ဆေးကုသမှုပေးလျက်ရှိပြီး၊ ဆေးရုံဖွင့်လှစ်ချိန်မှစ၍ ယနေ့အထိ လူနာစုစုပေါင်း (၁,၀၈၈) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကာ ကာကွယ်ဆေးထိုးနှံမှု (၂၄) ဦးအထိ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
