ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းမြေစာပုံတစ်ခုသည် ဇွန် ၂၈ ရက် ည ၁၁ နာရီကျော်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀ ဦးခန့် ပျောက်ဆုံးနေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် လုပ်ကွက်ဟောင်းများရှိ မြေစာပုံများ ပြိုကျလွယ်သည့် အခြေအနေဖြစ်ပေါ်နေပြီး ရေမဆေးကျောက်ရှာဖွေသူများသည် ညပိုင်းတွင် မီးထိုး၍ ရှာဖွေနေစဉ် မြေစာပုံပြိုကျခဲ့ခြင်းကြောင့် အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေကယ်ဆယ်လျက်ရှိပြီး ရှာဖွေမှုအတွင်း ရုပ်အလောင်း ၅ လောင်းကို တွေ့ရှိထားကြောင်း သိရသည်။
တွေ့ရှိရသည့် ရုပ်အလောင်းများကို သက်ဆိုင်ရာမိသားစုဝင်များထံ ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
