ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ၂၀၂၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပြီး ၎င်းအပေါ် မျက်ကွယ်သေဒ-ဏ်ချမှတ်ထားမှုကို ပယ်ချကာ ယင်းစီရင်ချက်သည် တရားမဝင်သည့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုများအပြီး အစိုးရပြုတ်ကျခဲ့ရာမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အသက် ၇၈ နှစ်အရွယ် ဟာစီနာက ၎င်းအနေဖြင့် အန္တရာယ်ကို မကြောက်ရွံ့ဘဲ ပြည်တော်ပြန်ရေးအတွက် ကြုံတွေ့ရမည့် အတားအဆီးနှင့် ပူးပေါင်းကြံစည်မှုမှန်သမျှကို ကျော်လွှားသွားမည်ဖြစ်ကြောင်း အိန္ဒိယရုပ်သံလိုင်း NDTV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
သေဒ-ဏ်ချမှတ်ခံထားရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်လားဟု မေးမြန်းရာတွင် ဟာစီနာက “ကျွန်မ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အတားအဆီးတိုင်းနဲ့ ပူးပေါင်းကြံစည်မှုတိုင်းကို ကျော်လွှားပြီး ဒီနှစ် ကျွန်မနိုင်ငံကို ပြန်မှာပါ” ဟု ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် မငြိမ်သက်မှုများအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖေ-ာက်မှုများနှင့် ပတ်သက်၍ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို လှုံ့ဆော်မှု၊ သ-တ်ဖြတ်မှုများကို အမိန့်ပေးခဲ့မှုနှင့် ယင်းဖြစ်ရပ်များကို မတားဆီးခဲ့မှုတို့အတွက် စွဲချက်များဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလက ဒါကာမြို့ရှိ တရားရုံးတစ်ခုက ဟာစီနာအား မျက်ကွယ်သေဒ-ဏ်ချမှတ်ခဲ့သည်။
ဟာစီနာကမူ အဆိုပါစီရင်ချက်ကို ပယ်ချခဲ့ပြီး ယင်းသည် ၎င်းဦးဆောင်သည့် အဝါမီလိဂ်ပါတီကို နိုင်ငံရေးအရ ဖယ်ရှားရန် တရားစီရင်ရေးစနစ်ကို အသုံးချခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။
ပြည်တော်ပြန်ရန် စီစဉ်ထားခြင်းသည် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးအခွင့်အရေးများ၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲ၏ စိတ်ဓာတ်ကို ပြန်လည်ထူထောင်ရေးအတွက် ဖြစ်ကြောင်း ဟာစီနာက ပြောကြားခဲ့သည်။
Ref: The Straits Times
