ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား
ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (တီးတိန်)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (တီးတိန်)၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်စစ်ဆေးခဲ့သည်။
ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် စေတနာထား၍ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် မှာကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေနိုင်သည့် လုပ်ကိုင်ဆောင်ရွက်မှုများကို အထူးအလေးထား၍ ရှောင်ကြဉ်ကြရန်လည်း မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တီးတိန်မြို့မှ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပူးပေါင်းအကောင်အထည်ဖော်သွားရေး၊ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
