တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး လေယာဉ်ငယ်တစ်စင်း ဝင်ရောက်တိုက်မိခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် မပါဝင်သည့် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်မှာ လေကြောင်းပိုင်နက်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ပေကျင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ရှားပါးလေကြောင်းမတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။
ချောင်ယန်ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၆ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး အသေးစားလေယာဉ်တစ်စင်းသည် ချောင်ယန်ခရိုင်၊ အရှေ့တတိယကွင်းလမ်းအနီး ပျံသန်းနေစဉ် အထပ်မြင့်အဆောက်အအုံတစ်ခုနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လေယာဉ်ပေါ်တွင် တစ်ဦးတည်း လိုက်ပါလာသည့် လေယာဉ်မှူးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။ ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။
လေယာဉ်တိုက်မိမှုကြောင့် အဆောက်အအုံ၏ မျက်နှာစာရှိ မှန်ပြားကြီးနှစ်ချပ် ပျက်စီးခဲ့ပြီး အဆောက်အအုံတွင် အပေါက်တစ်ခု ဖြစ်ပေါ်ခဲ့ရာ ယင်းနေရာကို ယာယီပိတ်ဆို့ထားကြောင်း သိရသည်။
အမြင့် ၅၂၈ မီတာရှိသည့် CITIC Tower (China Zun)သည် ပေကျင်းမြို့ ဗဟိုစီးပွားရေးခရိုင် (CBD) တွင် တည်ရှိပြီး နေ့စဉ် ခရီးသွားဧည့်သည်များ ထောင်နှင့်ချီ လာရောက်လေ့ရှိသည့် Forbidden City မှ ၆ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ ရုံးစိုက်ရာ Zhongnanhai အနီးတွင်လည်း တည်ရှိကြောင်း သိရသည်။
Ref: Reuters
