ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှု၏ အကျိုးဆက်အဖြစ် ပြင်သစ်နိုင်ငံတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိထုတ်ပြန်ထားသည့် ကိန်းဂဏန်းမှာ ကနဦးစာရင်းသာဖြစ်ပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများနှင့် နေအိမ်များတွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုအချက်အလက်များ ထပ်မံရရှိလာပါက သေဆုံးသူအရေအတွက်မှာ ယင်းထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားသည်။
သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး ဥရောပတစ်ဝန်းတွင် စံချိန်တင်အပူချိန်များကြောင့် အပူဒဏ်ခံစားရမှုများ မြင့်တက်လာသည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ အနှောင့်အယှက်ဖြစ်ပေါ်ခြင်းနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သိပ္ပံပညာရှင်များ၏ အဆိုအရ ဇွန် ၂၀ ရက်မှ စတင်ခဲ့သည့် ယခုအပူလှိုင်းသည် ဥရောပတိုက်တွင် ကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံး အပူလှိုင်းများအနက် တစ်ခုဖြစ်ပြီး ဥရောပဒေသ၏ ရာသီဥတုပြောင်းလဲမှုနှုန်းမှာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထက် ပိုမိုလျင်မြန်နေကြောင်း သိရသည်။
လက်ရှိတွင် အပူလှိုင်းသည် ဥရောပအရှေ့ပိုင်းဒေသများဘက်သို့ ရွေ့လျားလျက်ရှိပြီး ပြင်သစ်နိုင်ငံ၏ ဒေသအများစုတွင် အပူချိန်များ လျော့ကျလာသော်လည်း အရှေ့မြောက်ပိုင်းဒေသအချို့မှာ အပူလှိုင်းသတိပေးချက်အောက်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပြင်သစ်ကျန်းမာရေးဝန်ကြီး စတက်ဖနီ ရစ်စ်တို (Stéphanie Rist) ကလည်း အပူချိန်လျော့ကျသွားပြီးနောက်တွင်ပင် အပူလှိုင်း၏ ကျန်းမာရေးထိခိုက်မှုများသည် ၁၀ ရက်ခန့်အထိ ဆက်လက်သက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။
Ref: Reuters
