တွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်နေ
တီးတိန်-တွန်းဇံလမ်းပိုင်းအခြေအနေများ၊ တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများနှင့် ကုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ(တွန်းဇံ)တို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၇ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တီးတိန် – တွန်းဇံ လမ်းပိုင်းအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvertများ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင် စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှု မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးဦးမျိုးမြင့်က မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တွန်းဇံမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့နယ် ကုတင်(၅ဝ)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်(တာဝန်ခံ)၊ တပ်မတော်မှ ဆရာဝန်၊ လက်ထောက်ဆရာဝန်(၁)ဦး၊ ကုသရေးဝန်ထမ်း (၂၅)ဦး၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၆၉)ဦး စုစုပေါင်းဝန်ထမ်း (၉၅)ဦးရှိကာ အတွင်းလူနာများ လက်ခံကုသပေးရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆေးရုံမှ ပြင်ပလူနာများအား ဆေးကုသပေးနေမှုအခြေအနေများနှင့် အတွင်းလူနာများအား လက်ခံ ကုသပေးရန် ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုပြီး ဆေးကုသမှု ခံယူနေသည့် ပြည်သူများနှင့် ဝန်ထမ်းများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ကြေးနှင့် BURMAR Cafe ထုပ်များ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
