ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မနက်ဖြန် ဇွန် ၂၆ ရက်၌ မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေး အစီအစဉ်အရ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဝပ်ရေလျှံမှုကြာချိန် လျော့နည်းစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် ကွင်းဆင်းလေ့လာစိစစ်ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းသွားမည်ဖြစ်သည်။
ထို့ပြင် လူထုကျန်းမာရေး ထိခိုက်မှုမရှိစေရေးအတွက် အများပြည်သူအသုံးပြုသည့် နေရာများတွင် စည်းကမ်းမဲ့ ဆေးလိပ်သောက်သုံးမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဟန့်တားနိုင်ရေးဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍လည်း ကြယ်ပွင့်ပြမေးခွန်းအဖြစ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လှည်းကူးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပညာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
