ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် တည်ဆောက်ထားသော အများပြည်သူ အပန်းဖြေအနားယူရာ ပလက်ဖောင်းနှင့် ရင်ပြင်ဧရိယာ၌ ငဝန်မြစ်ရေစီးကြောင့် အလျားပေ ၁၃၀ ခန့် ရှည်လျားသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပလက်ဖောင်းနှင့် ရင်ပြင်ကို ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။
အက်ကွဲကြောင်း ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားပြီး သတိပေးဆိုင်းဘုတ်များကိုလည်း စိုက်ထူထားကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းထိန်းနံရံ ထပ်မံပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အက်ကွဲကြောင်း ဖြစ်ပေါ်နေမှုနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ဇွန် ၂၂ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
