တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားအများစုသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်ပြီး မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သည့် ဓာတ်တော်မွေတော်များကို အထူးတန်ဖိုးထားကြကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံ၌ ထိန်းသိမ်းပူဇော်ထားသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်ခွင့်ရရှိစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထိုသို့ မြတ်ဗုဒ္ဓ၏ စွယ်တော် မြန်မာနိုင်ငံသို့ ထပ်မံကြွချီလာပြီး ပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရရှိမည်ဆိုပါက မြန်မာပြည်သူများအတွက် အထူးဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်မည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုတိုးတက်ခိုင်မာစေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်သည် မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၆ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၁ ခုနှစ်တွင် စတုတ္ထအကြိမ် ကြွချီပူဇော်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။