တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union – MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ) ဦးနော်တောင်တို့က တာဝန်ယူမည်ဖြစ်သည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ စုစုပေါင်း ၁၈ ဦးတို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းကို အစည်းအဝေး စတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း MPU ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လွှတ်တော်ရေးရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄-ခ အရ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။
