“ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်တိုး တက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်အဆို” ကို မနက်ဖြန် ဇွန် ၁၅ ရက်တွင်ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို ဗဟန်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်ခိုင်ဆုရည်ဇော်က မနက်ဖြန် ဇွန် ၁၅ ရက်တွင်ကျင်း ပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့်/မသင့်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းထားသည့် “ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်းဆိုင်ရာဥပဒေကြမ်း”နှင့်ပတ်သက်၍ ဦးစံကျော် လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)၊ ဦးကျော်မင်းထက် ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ် (၂)၊ ဦးသော်တာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ကိုယ်စားလှယ်အမှတ် (၂) တို့က ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၇) ခုကိုလည်း မေးမြန်းဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
