ကချင်ပြည်နယ်အတွင်း ဇွန် ၁၄ ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥတုချောင်းရေမြင့်တက်ကာ ဖားကန့်မြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံများထံမှ သိရသည်။
ထိုသို့ ဥတုချောင်းရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေများဝင်ရောက်ရခြင်းသည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ တောင်ကျရေများစီးဆင်းလာမှုကြောင့်ဖြစ်ပြီး လက်ရှိအချိန်၌ ချောင်းရေဝင်ရောက်မှုမှာ စိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရသည်။
မိုးဇလ၏ ဇွန်လဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက်၌ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တ လေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ချောက်မြို့တို့တွင် (၆)ပေမှ (၁၂)ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ပေမှ (၄)ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈)ပေမှ (၁၁)ပေခန့် လက်ရှိရေ မှတ်များအထက်မြင့်တက်လာနိုင်ကာ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၂)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် (၁)ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၂)ပေမှ (၃)ပေခန့်လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့အတူ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၂)ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၃)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၃)ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
