အိန္ဒိယနိုင်ငံက ရူပီး ၁၇ ဒသမ ၇၅ သန်းကျော်တန်ဖိုးရှိ ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးရာတွင် အသုံးပြုမည့် စက်ပစ္စည်းကိရိယာများကို ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ပစ္စည်းများနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး HE Abhay Thakur က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခုလှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ငလျင်တိုင်းကိရိယာများ၊ ကွန်ကရစ်အတွင်းပိုင်း စစ်ဆေးသည့်ကိရိယာများ၊ အပူလှိုင်းပုံရိပ်ဖမ်းကင်မရာများ၊ အဆောက်အဦကြံ့ခိုင်မှု စောင့်ကြည့်အာရုံခံကိရိယာများနှင့် အခြားစက်ယန္တရားများ ပါဝင်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ် မတ်လအတွင်းကလည်း ဘေးအန္တရာယ်မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ရေးလုပ်ငန်းများအတွက် ရူပီးသန်း ၂၀ ကျော်တန်ဖိုးရှိ စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ၁၁ မျိုးကို ပထမအကြိမ်အဖြစ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
