တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ “အောင်စာရင်း ကြိုသိပေးမည်” ၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်” ၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စသည့် စာသားများဖြင့် ခုံအမှတ်များ တောင်းယူကာ ငွေကြေး လိမ်လည်တောင်းခံမှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အသိပေးထားသည်။
ထို့ပြင် အချို့သော လိမ်လည်သူများသည် အကောင့်တုများ အသုံးပြု၍ “ကြည့်ပေးတာ မှန်ကန်သည်” ဟု အချင်းချင်း ထောက်ခံရေးသားကာ ယုံကြည်မှု ရရှိစေရန် စနစ်တကျ ဆောင်ရွက်လေ့ရှိကြောင်းလည်း သိရသည်။
စာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် အောင်စာရင်းကြည့် Application ကိုမျှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် ပြင်ပ Application များ အသုံးပြုခြင်းသည် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။
အောင်စာရင်းများကို တရားဝင် Website များမှသာ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်ရန် result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်စာရင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တရားဝင် Website များမှသာ စောင့်ကြည့်ကြရန်နှင့် အွန်လိုင်းပေါ်ရှိ မသမာသူများ၏ လိမ်လည်မှုများကို သတိပြုကြရန် တိုက်တွန်းထားသည်။
