နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီရေးတို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိသော အွန်လိုင်းငွေလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်တာဝန်ရှိသူများသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံရပ်တည်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးအပေါ် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ အစဉ်တစိုက် ထောက်ခံအားပေးမှုများနှင့် အကူအညီပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အထူးသဖြင့် မြေငလျင်ဘေးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ အကူအညီများကို အသိအမှတ်ပြု ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် “တရုတ်တစ်နိုင်ငံတည်း မူဝါဒ” ကို အခိုင်အမာ ထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အစီအမံများကို ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီတည်ဆောက်ရေးဆောင်ရွက်မှုများကို မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် လမ်းကြောင်းဖြင့် ဆောင်ရွက်နေမှုအပေါ် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
၎င်းက နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုများ တိုးမြှင့်နိုင်မည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုဖွံ့ဖြိုးရေးကဏ္ဍများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မစ္စတာဝမ်ယိက ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထို့နောက် ညနေ ၄ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာလီဟုန်ကျုံးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်များ ဖော်ဆောင်ရေးနှင့် တရုတ်အစိုးရသစ်၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
