ပြီးခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကာ ဂူတစ်ခုအတွင်း ပိတ်မိသွားခဲ့သူများကို ကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရန်အတွက် ရေငုပ်အထူးကျွမ်းကျင်သော အဖွဲ့တစ်ဖွဲ့ လာအိုနိုင်ငံအလယ်ပိုင်းသို့ လာရောက်နေပြီဖြစ်ကြောင်း ထိုင်းစေတနာ့ဝန်ထမ်းအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။
လာအိုနိုင်ငံသား ခုနစ်ဦးသည် ရွှေရှာဖွေရန်အတွက် Xaisomboun ပြည်နယ်ရှိ ဂူထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ထွက်ပေါက်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှ စေတနာ့ဝန်ထမ်းအဖွဲ့သည် တနင်္ဂနွေနေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပူးပေါင်းလာခဲ့သည်။
ထပ်မံအားဖြည့်လိုက်သော အဖွဲ့ဝင်များတွင် ပြင်သစ်နိုင်ငံမှ ရော်ဘင် ကူယက်စတာ၊ အင်ဒိုနီးရှားနိုင်ငံမှ အောဒီတာ ဟာဆိုနို၊ ဂျပန်နိုင်ငံမှ ယိုရှီတာကာ အီဆာဂျီ၊ ထိုင်းနိုင်ငံမှ နာရူချစ် ကီယတ်မာနီးဆရီနှင့် သြစတြေးလျနိုင်ငံမှ ဂျို့စ် ရစ်ချတ်စ်တို့ ပါဝင်ကြောင်း စေတနာ့ဝန်ထမ်းအဖွဲ့က ဖေ့စ်ဘုတ်တွင် တင်ခဲ့သည်။
အသက်ရှင်လျက်ပြန်တွေ့ထားသူများသည် ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေရင်း ကျန်းမာရေး ယိုယွင်းလာလျက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်နေသည့် ထိုင်းရေငုပ်သမား ကန်းကတ် ဘွန်းကာဝေါင်က သောကြာနေ့က ဖေ့စ်ဘုတ်ပို့စ်တွင် ပြောကြားခဲ့သည်။
“မီတာရာပေါင်းများစွာ ရှည်လျားတဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းတွေကတဆင့် သူတို့ကို ရွှေ့ပြောင်းရကာ ရေအောက်မှာ ရေငုပ်ဖို့လိုအပ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းက အလွန်ခက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကြာသပတေးနေ့က အခြား ထိုင်းရေငုပ်သမားတစ်ဦးဖြစ်သူ နော်ရာဆက် ပါလာဆင်း ရိုက်ကူးထားသော ဗီဒီယိုတွင် ဂူတွင်းပိုင်းတစ်နေရာတွင် ထိုင်လျက်ရှိကြသော အသက်ရှင်ကျန်ရစ်သူများသည် စိတ်သက်သာရာရလျက် ငိုကြွေးနေကြသည်ကို တွေ့ရသည်။
နော်ရာဆက်၏ အဖွဲ့သည် ပိတ်မိနေသူ ခုနစ်ဦးအနက် ငါးဦးကို တွေ့ရှိထားခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် ဂူတွင်းရှိ ရေများကို စုပ်ထုတ်ရန် လုပ်ဆောင်နေကြကြောင်းနှင့် ဂူထဲသို့ အစားအစာများ ယူဆောင်လာပေးမည်ဖြစ်ကြောင်း ဗီဒီယိုတွင် အသက်ရှင်ကျန်ရစ်သူများကို ၎င်းက ပြောကြားနေခဲ့သည်။
Ref: ရိုက်တာ
