သက်တမ်းကြာမြင့်၍ အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များအား ပယ်ဖျက်အပ်နှံပြီး လျှပ်စစ်သုံးယာဉ် (EV) များဖြင့် အစားထိုးတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။
ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်သည့် ယာဉ်များ၊ ပြင်ဆင်၍ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များကို အပ်နှံနိုင်ကြောင်း သိရသည်။
ယင်းသို့ အပ်နှံရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက်ခံချက်ပုံစံ (ဃ) ကို တင်ပြရမည်ဖြစ်ပြီး အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သည့် EV ယာဉ်တစ်စီးအား အစားထိုးတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် EV ယာဉ်တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါအစီအစဉ်သည် စက်သုံးဆီ အသုံးပြုမှုလျှော့ချနိုင်ရန်၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
