လာအိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ပိတ်မိနေသူ ခုနစ်ဦးကို ကယ်ထုတ်ရန် ကူညီနေသော ထိုင်းစေတနာ့ဝန်ထမ်းအဖွဲ့ ခေါင်းဆောင်က ကယ်ဆယ်ရေးမစ်ရှင်ကို အပြီးသတ်ရန်အတွက် အောက်ဆီဂျင်အိုးများကို ထပ်မံလိုအပ်မည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
လာအိုနိုင်ငံသား ခုနစ်ဦးသည် ရွှေရှာဖွေရန်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်က လာအိုနိုင်ငံအလယ်ပိုင်း Xaisomboun ပြည်နယ်ရှိ ဂူထဲသို့ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနေချိန်တွင် ၎င်းတို့၏ ထွက်ပေါက် ပိတ်သွားခဲ့ကြောင်း စေတနာ့ဝန်ထမ်းအဖွဲ့နှင့် အစိုးရပိုင် Lao Phattha News သတင်းဌာနတို့က ပြောကြားခဲ့သည်။
လက်ရှိတွင် ပိတ်မိခဲ့သူများအနက် ငါးဦးကို အသက်ရှင်လျက်ပြန်တွေ့ထားပြီဖြစ်သော်လည်း မည်သူကိုမျှ ဂူအပြင် သို့ ပြန်ထုတ်နိုင်ခြင်း မရှိသေးပေ။
“ကျွန်တော်တို့ အောက်ဆီဂျင်အိုးတွေကို ရနိုင်သမျှ ငှားရမှာဖြစ်ပြီး ဂူရှေ့မှာ အောက်ဆီဂျင်ဖြည့်တဲ့ စခန်းတစ်ခု တည်ဆောက်ချင်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင် ကန်းကတ်ဒ် ဘွန်းကာဝေါင်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
ပိတ်မိနေသူများကို ရှာတွေ့ထားသော အရေအတွက်နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းအဖွဲ့များအကြား ကွဲပြားနေခဲ့သည်။
ထိုင်းစေတနာ့ဝန်ထမ်းအဖွဲ့က ငါးဦးကို ရှာတွေ့ထားပြီဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး လာအိုစေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ကမူ ခုနှစ်ဦးစလုံးကို တွေ့ရှိထားကာ ဘေးကင်းကြကြောင်း ပြောဆိုခဲ့သည်။
ထိုသတင်းပို့ချက်များအပေါ် လက်ရှိတွင် အတည်မပြုနိုင်သေးပေ။
Ref: ရို-က်တာ
