မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး တောင်ပုလတောင်တော်တွင် တတိယအကြိမ်မြောက် ဒူးရင်းသီးစတုဒိသာပွဲတော်ကို လာမည့် မေ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တောင်ပေါ်သို့ ဘုရားဖူးလာရောက်သူများအား လတ်ဆတ်ချိုမြိန်သည့် ဒူးရင်းသီး အလုံး ၅,၀၀၀ ဝန်းကျင်ဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။
ထို့အပြင် စတုဒိသာထမင်းနှင့် ဟင်းလျာများကိုလည်း အခမဲ့ သုံးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်နှင့်ပတ်သက်၍ တောင်ပုလဆရာတော်က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာတွင် ဒူးရင်းသီးကို နှစ်သက်စွာ သုံးဆောင်သူများအနေဖြင့် အခြားသူများလည်း ထပ်တူခံစားနိုင်ရန် အလှူငွေများဖြင့် ပါဝင်ကုသိုလ်ပြုနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
သို့ရာတွင် ဒူးရင်းသီးများကို အဝသုံးဆောင်ခွင့်ရှိသော်လည်း ပါဆယ်ယူဆောင်ခွင့်မပြုကြောင်းလည်း ပွဲစီစဉ်သူများက သတ်မှတ်ထားသည်။
လက်ရှိအချိန်တွင် တောင်ပုလတောင်တော်သည် ပြင်ဦးလွင်မြို့၏ ခရီးသွားနှင့် ဘုရားဖူးနေရာတစ်ခုအဖြစ် လူသိများလာပြီး တောင်ထိပ်ရှိ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်နှင့် ရှုခင်းကြည့် View Point များကြောင့် နေ့စဉ်လာရောက်လည်ပတ်သူများရှိကာ အခါကြီးရက်ကြီးများတွင် ပိုမိုစည်ကားလေ့ရှိကြောင်း သိရသည်။
