ကူရူး (ပြင်သစ်ဂီယာနာ)၊ မေလ ၁၉ ရက်
တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် ဥရောပအာကာသအေဂျင်စီ (ESA) တို့ ပူးတွဲလုပ်ဆောင်သည့် “SMILE” (Solar wind Magnetosphere Ionosphere Link Explorer) အာကာသစူးစမ်းလေ့လာရေးမစ်ရှင်ကို အင်္ဂါနေ့တွင် ပြင်သစ်ဂီယာနာရှိ ဥရောပအာကာသစခန်းမှနေ၍ Vega-C ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
ဒုံးပျံလွှတ်တင်ပြီးနောက် ဂြိုဟ်တုသည် သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ စနစ်တကျဝင်ရောက်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ ၎င်း၏ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများလည်း အောင်မြင်စွာ ပွင့်သွားပြီဖြစ်သကဲ့သို့ စနစ်များအားလုံး ပုံမှန်လည်ပတ်နေပြီဖြစ်သည်။ ယင်းသည် တရုတ်-ဥရောပ အာကာသသိပ္ပံပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းဝင်မှတ်တိုင်တစ်ခုအတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။
SMILE မစ်ရှင်သည် အာကာသသိပ္ပံစူးစမ်းလေ့လာရေးကဏ္ဍတွင် ဥရောပအာကာသအေဂျင်စီ (ESA) နှင့်အတူ မစ်ရှင်အဆင့်အနေဖြင့် ပူးတွဲအကောင်အထည်ဖော်သည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော စီမံကိန်းဖြစ်သည်။
အဆိုပါဂြိုဟ်တုသည် ကမ္ဘာ့သံလိုက်စက်ဝန်း၏ အကြီးစားတည်ဆောက်ပုံပုံစံကို ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြင်တွေ့နိုင်ရန်အတွက် soft X-ray ရုပ်ပုံဖော်နည်းပညာကို အသုံးပြုသွားမည်ဖြစ်သည်။
ယခုမစ်ရှင်မှတစ်ဆင့် အာကာသမိုးလေဝသခန့်မှန်းတွက်ချက်ခြင်းနှင့် သံလိုက်စက်ဝန်း ရူပဗေဒကို အခြေခံကျကျ နားလည်သဘောပေါက်ခြင်း အပါအဝင် သိပ္ပံနည်းပညာဆိုင်ရာ အောင်မြင်မှုအသစ်များစွာကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
Ref: ဆင်ဟွာ
