မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆီထွက်သီးနှံအထူးဇုန် (၂) စီမံချက်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု) ၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်များအပြင် သရက်ခရိုင်အတွင်းရှိ သရက်၊ မင်းတုန်း၊ မင်းလှနှင့် ကံမမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ မြို့နယ် ၉ မြို့နယ်တွင် မြေပဲ၊ နှမ်းနှင့် နေကြာ စသည့် ဆီထွက်သီးနှံများကို စိုက်ဧကစုစုပေါင်း ၃၅၅,၆၀၀ အထိ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအစီအစဉ်သည် ဒေသတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရက် ၁၀၀ စီမံချက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မျိုးသန့်ပွား စိုက်ပျိုးဆောင်ရွက်မည့် တောင်သူများထံသို့ သီးနှံမျိုးစေ့များကို မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မျိုးစေ့ပေးအပ်ရာတွင် ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်းရှိ မြို့နယ် ၉ မြို့နယ်၌ Seed Grower Association နှင့် မျိုးစေ့ထုတ် အစုအဖွဲ့လိုက် စိုက်ပျိုးမည့် တောင်သူများအတွက် နှမ်းသီးနှံ မကွေးနှမ်းနက် ၂/၁၄ မျိုးစေ့ကို တစ်ဧကလျှင် ၂ ပြည်နှုန်းဖြင့် ၁၂၀ ဧကစာ၊ နေကြာသီးနှံ ဆင်းရွှေကြာ-၂ မျိုးစေ့ကို တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ၁၂၀ ဧကစာ၊ မြေပဲသီးနှံ တွန်တာနီမျိုးစေ့ကို တစ်ဧကလျှင် ၆ တင်းနှုန်းဖြင့် ၅ ဧကစာနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ကို တစ်ဧကလျှင် ၅ ပြည်နှုန်းဖြင့် ၆၅ ဧကစာ ပေးအပ်ခဲ့ကြောင်း သိရသည်။
