ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ပြင်ဦးလွင်မြို့ဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ဖို့ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်တာကြောင့် ကျန်းမာရေးမြို့တော်အဖြစ်ဆောင် ရွက်နိုင်ဖို့ မူဝါဒချမှတ်ဆောင်ရွက်နေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာပြန်လည်အ သုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည်ဖြစ်ကာ ခရီးသွားမြို့ဖြစ်၍ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပမှုများ ပိုမိုကောင်းမွန်လာပါက ပြည်တွင်း/ပြည်ပခရီးသွားများပိုမိုများပြားစွာလာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်ပိုမိုကောင်းမွန်လာမည်ဟု ပြောသည်။
ထို့ကြောင့် ခရီးသွားများစားသုံးရန်နှင့် ဒေသတွင်းရှိသူများစားသုံးရန်လိုအပ်သည့် အစားအသောက်များအတွက် အသား၊ ငါးနှင့် ဥများကို ဒေသတွင်း၌ပင်လုံ လောက်စွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ပြင် ခရီးသွားများလာချင့်စဖွယ်ဖြစ်စေရေးအတွက် ဒေသထွက်စားသောက်ကုန်များ၊ ရိုးရာအဝတ်အထည်များ၊ အသောက်များနှင့် ဒေသထွက်သီးနှံများကို ထိုက်သင့်သည့်ဈေးနှုန်းများဖြင့်ရောင်းချပြီး ခရီးသွားများကိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးခြင်း၊ ပျူငှာစွာ ဆက်ဆံခြင်းများဖြင့် ပြင်ဦးလွင်မြို့ဂုဏ်သတင်းကိုမြှင့်တင်ရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
