ပေကျင်း၊ မေလ ၁၄ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် သမ္မတ ရှီနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အဖွင့်အမှာစကားတွင် “ဒီတွေ့ဆုံပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေး ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြတာတွေ ရှိပါတယ်” ဟု ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့သည်။
“အခက်အခဲတွေ ရှိခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ အတူတကွ ဖြေရှင်းနိုင်ခဲ့ကြပါတယ်” ဟု ထရမ့်ပ်က ဆိုသည်။ “ကျွန်တော်တို့ အတူတကွ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော သမ္မတ ထရမ့်ပ်သည် သမ္မတ ရှီအား ကြီးမြတ်သော ခေါင်းဆောင်တစ်ဦးအဖြစ် ထပ်တလဲလဲ ချီးကျူးပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းနှင့်အတူ လိုက်ပါလာသည့် အမေရိကန် အဆင့်မြင့် စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့၏ တည်ရှိမှုသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ခေါင်းဆောင်အပေါ် ထားရှိသည့် လေးစားမှုကို ပြသခြင်းဖြစ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်။
“သူတို့တွေဟာ ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မျှော်လင့်နေကြပါတယ်” ဟု ထရမ့်က ဆိုသည်။
“လူကြီးမင်းရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူစရာပါပဲ။ တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုမိုကောင်းမွန်လာမှာပါ” ဟု သမ္မတ ထရမ့်ပ်က ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
