တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်ဒေသများမှ ထွက်ရှိသည့် ရေငန်ထွက်ကုန်များကို အေးခဲတင်ပို့မှုအစား အရှင်အဖြစ် တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုတိုးမြင့်လာနိုင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ငါး၊ ပုစွန် စသည့် ရေထွက်ကုန်များကို နှစ်စဉ် တိုးမြှင့်တင်ပို့လျက်ရှိပြီး ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့် ရရှိခဲ့ရာ ယင်းအနက် တနင်္သာရီတိုင်းဒေသကြီးမှ ဒေါ်လာ ၃၀၃ ဒသမ ၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် ပုစွန်၊ ကျောက်ငါး၊ ကကတစ်၊ ကဏန်းပျော့၊ ဂျင်းခရုနှင့် ပင်လယ်ရေမှော်များကို မွေးမြူထုတ်လုပ်လျက်ရှိပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။
အထူးသဖြင့် ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ပနားမီးပုစွန်ဖြူများကို အရှင်အဖြစ် တင်ပို့နိုင်ပါက ဈေးကွက်လိုအပ်ချက် မြင့်မားသဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
လက်ရှိတွင် မြိတ်ဒေသမှ ငါး၊ ပုစွန်နှင့် ဂျင်းခရုအရှင်များကို ထိုင်းနိုင်ငံသို့ တင်ပို့ကာ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်မားမှုကြောင့် အမြတ်အစွန်း အကန့်အသတ်ရှိနေသော်လည်း ဈေးကွက်မပျက်စေရေးအတွက် ဆက်လက်တင်ပို့နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
ရေထွက်ကုန်များကို ကုန်ချောအဖြစ် တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် အရှင်တင်ပို့မှုကို မြှင့်တင်နိုင်ခြင်းတို့ကြောင့် ရေထွက်ကုန်မွေးမြူထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးလာနိုင်ပြီး နိုင်ငံခြားဝင်ငွေလည်း တိုးတက်လာမည်ဟု သုံးသပ်ထားကြောင်း သိရသည်။
