ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အခြေအနေများကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒီရက် က ပြောကြားခဲ့သည်။
“ကျွန်တော် ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းရေးဆီကို ဦးတည်သွားနိုင်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းကြိုးပမ်းသွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်” ဟု သုံးပွင့်ဆိုင် ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အနုတင်က ပြောကြားခဲ့သည်။
“လက်တွေ့ကျတဲ့ ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေကို ဖော်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကို အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်နဲ့ ဝန်ကြီးချုပ် ဟွန်မာနက်တို့ သဘောတူညီခဲ့ကြပါတယ်” ဟုလည်း အနုတင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ယခုဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် စုပေါင်းသန္နိဋ္ဌာန် ကို ထင်ဟပ်စေကြောင်း ဖော်ပြခဲ့သည်။
ဆွေးနွေးမှုများတွင် တင်းမာမှုများလျှော့ချရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကို အဓိကထားခဲ့ပြီး ယင်းသည် တည်တံ့သောငြိမ်းချမ်းရေးနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန်အတွက် လုပ်ငန်းမူဘောင်တစ်ခုကို ခိုင်မာစေရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Ref: ဆင်ဟွာ
