၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းမှလူရည်ချွန်ကျောင်းသား/သူများကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ ၁ ရက်နံနက်ပိုင်းတွင် ထောက်ပံ့ငွေကျပ် (၁၃၂) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ချိန်၌ တိုင်းဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကိုပခုံးပြောင်းတာဝန် ထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်စေရန်၊ ဗလငါးတန်ပြည့်ဝရေးအတွက် ပညာရေးကဏ္ဍကိုမဖြစ်မနေမြှင့်တင်ပေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာလူရည်ချွန်စခန်းများရောက်ချိန်တွင် တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအားထားယုံကြည်မှု စိတ်ဓာတ်ရေးရာအခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆိုစေလိုကာ နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဘက်စုံထူးချွန်လူရည်ချွန် ကျောင်းသား/သူ (၃၆) ဦး၊ ကြီးကြပ်ဆရာ (၈) ဦးတို့သည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော် လူရည်ချွန်စခန်းအသီးသီးသို့ မေ ၁ ရက်နံနက်ပိုင်းကထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
