ဘာကူး၊ မေ ၁ ရက်
အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ “အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ” ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။
Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။
နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏ အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် လွှတ်တော်အနေဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တစ်ချိန်တည်းမှာပင် လွှတ်တော်သည် ဥရောပပါလီမန်နှင့် အခြားနိုင်ငံအများအပြားရှိ ပါလီမန်များ ပါဝင်သည့် ဒေသတွင်း ပါလီမန်အချင်းချင်း ဖလှယ်ရေး ဖိုရမ်တစ်ခုဖြစ်သော ယူရိုနက်စ် ပါလီမန်ညီလာခံမှ နုတ်ထွက်ရန် လုပ်ငန်းစဉ်များကို စတင်ခဲ့သည်။
အစောပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီးယူ သံအမတ် မာရီယာနာ ကူယွန်ဇစ် ကို ဆင့် ခေါ်ခဲ့ပြီး ကြာသပတေးနေ့က အတည်ပြုခဲ့သည့် ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်တွင် အခြေအမြစ်မရှိဘဲ ဘက်လိုက်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေသည်ဟုဆိုကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
Ref: ရှင်းဟွာ
