တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈ ရက်က အင်ချွန်းလေဆိပ်သို့ဆိုက်ရောက်ခဲ့သည်။
ကိုရီးယားလေကြောင်းလိုင်း KE492 ဖြင့်ရောက်ရှိလာသော မြန်မာအလုပ်သမားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက လေဆိပ်၌ကြိုဆိုခဲ့သည့်အပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က Video Call မှတစ်ဆင့် မြန်မာအလုပ်သမားများကိုနှုတ်ဆက်ခဲ့သည်။
သံအမတ်ကြီးက အလုပ်သမားများအနေဖြင့် လုပ်ငန်း ခွင်ဘေးကင်းရေးနှင့် ကျန်းမာရေးကိုအထူးဂရုစိုက်ရန်၊ နှစ်နိုင်ငံတည်ဆဲဥပဒေများနှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်၊ မိမိတို့၏ မူလရည်ရွယ်ချက်ပန်းတိုင်များဆီသို့ ကြိုးစားအားထုတ်ရန်၊ အခက်အခဲရှိပါက သံရုံးသို့အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံရန် မှာကြားခဲ့သည်။
ခရီးစဉ်အတွင်း၌ အချို့ မြန်မာလုပ်သားများသည် ကိုရီးယားအစိုးရမှတားမြစ်ထားသောပစ္စည်းများ သယ်ဆောင်လာခဲ့သဖြင့် ပြည်ဝင်ခွင့်ဆိုင်ရာ အခက်အခဲများကြုံတွေ့ခဲ့ခြင်းအား မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိကညှိနှိုင်းဆောင်ရွက်ပေးခဲ့သဖြင့် ပြည်ဝင်ခွင့်ရရှိခဲ့သည်။
ကိုရီးယားနိုင်ငံသည် ဇီဝလုံခြုံရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပြည်ဝင်ခွင့်စစ်ဆေးရေးကို အလွန်တင်းကျပ်စွာဆောင်ရွက်သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် တားမြစ်ပစ္စည်းများဖြစ်သော အသားထွက်ပစ္စည်း (ဝက်အူချောင်း၊ အမဲခြောက်)၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အသီးအနှံ (သရက်သီး၊ ငရုတ်သီး) နှင့် မျိုးစေ့/ပျိုးပင်များ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းခံရခြင်း၊ ဒ-ဏ်ငွေ ဝမ်သိန်း (၁၀၀) အထိ ချမှတ်ခံရနိုင်ခြင်းအပြင် ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးနိုင်ခြင်းများဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် ကာယကံရှင်များသာမက ပို့ဆောင်ပေးသည့် မိသားစုဝင်များအနေဖြင့်လည်း စည်းကမ်းချက်များကို ကြိုတင်လေ့လာပြီး “မသိနားမလည်မှုကြောင့်” ဘဝအခွင့်အလမ်းများမဆုံးရှုံးစေရန် အထူးဂရုပြုဆင်ခြင်သင့်ပါသည်။
