မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများမှ ခွင့်ပြန်မည့်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်၏ခွင့်စာယူဆောင်ပြီးနောက် လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယနေ့ ဧပြီ ၂၈ ရက်တွင် အသိပေးခဲ့သည်။
ခွင့်ပြန်မည့် မြန်မာအလုပ်သမားများသည် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ခွင့်စာပြသပြီးထောက်ခံစာယူဆောင်ရမည်ဖြစ်ကာ ယင်းရုံးများဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အနီးဆုံးနိုင်ငံ(သို့)အနီးဆုံးမြို့ရှိ ရုံးများသို့သွားရောက်၍ခွင့်စာပြသပြီး ထောက်ခံစာယူရမည်ဟု အသိပေးခဲ့သည်။
ထို့အတူ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်/ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါလုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံရောက်ရှိချိန်တွင် OWIC ကတ်အသစ်ပြန်လည်လျှောက်ထားရမည်ဟု အသိပေးခဲ့သည်။
အဆိုပါ အသိပေးချက်များကိုလိုက်နာခြင်းမရှိဘဲ သက် ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံစာနှင့်အတူ ပြည်ပထွက်ခွာခွင့်တင်ပြနိုင်ရေးနှင့် ခွင့်စာလိမ်လည်တင်ပြပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်း၊ အမည်မည်းစာရင်းသွင်းခြင်းများပြုလုပ်မည်ဟုလည်း အသိပေးခဲ့သည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ ပြည်ပထွက်ခွာမည့် အလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှသတ်မှတ်ထားသော စနစ်တကျစုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်းလုပ်ငန်းစဉ်များကိုကျော်လွှားနိုင်ရန် “ခွင့်ပြန်အလုပ်သမား”အဖြစ် အသွင်ဆောင်ကာ ခွင့်စာအတုများပြုလုပ်၍ ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသောလမ်းကြောင်းကိုအလွဲသုံးစားပြုပြီး တရားမဝင်ထွက်ခွာရန် ပြုလုပ်ခြင်းများကိုတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု အ သိပေးခဲ့သည်။
