အီရန်စစ်ပွဲ စတင်ကတည်းက ရုပ်ကြွင်းလောင်စာဈေးနှုန်းများ မြင့်တက်လာမှုသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းရှိ ပိုလီယက်စတာ ထောက်ပံ့သူများနှင့် အထည်ချုပ်လုပ်ငန်းရှင်များကို အကျပ်ရို-က်စေကာ Zara နှင့် H&M ကဲ့သို့သော Fast-fashion ခေတ်ပေါ်အဝတ်အထည် လက်လီရောင်းချသူများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာစေမည့် ခြိမ်းခြောက်မှုဖြစ်လာနေသည်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပိုလီယက်စတာချည်မျှင် ထုတ်လုပ်သူတစ်ဦးဖြစ်သည့် Filatex ကုမ္ပဏီသည် ချည်မျှင်ထုတ်လုပ်ရန်လိုအပ်သော ရေနံထွက်ကုန်ကြမ်းများဖြစ်သည့် Purified Terephthalic Acid (PTA) နှင့် Monoethylene Glycol (MEG) တို့အတွက် ယခင်ကထက် ၃၀ ရာခိုင်နှုန်းနီးပါး ပိုမိုပေးချေနေရကြောင်း၊ တရုတ်နိုင်ငံမှ ထောက်ပံ့သူများက ဈေးနှုန်းမြှင့်တင်ခြင်းနှင့် အရှေ့အလယ်ပိုင်းမှ တင်သွင်းမှုများ ပြတ်တောက်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း စီမံခန့်ခွဲမှုဒါရို-က်တာ Madhu Sudhan Bhageria က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
အာရှက လွှမ်းမိုးထားသော အဝတ်အထည် ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးတွင် ထိုဒ-ဏ်ကို ခံစားနေရပြီ ဖြစ်သည်။
H&M၊ Zara၊ Inditex၊ Target၊ Walmart နှင့် IKEA တို့အပါအဝင် လက်လီရောင်းချသူများထံ ဆိုးဆေးရောင်တင်ပြီးသား ပိုလီယက်စတာအထည်များ ပေးပို့နေသည့် Bindal Silk Mills ၏ CEO ဖြစ်သူ Avichal Arya က စွမ်းအင်အကျပ်အတည်းကြောင့် ဓာတုဗေဒပစ္စည်းများနှင့် ဆိုးဆေးများ၏ ကုန်ကျစရိတ်မှာ “အကြီးအကျယ်” မြင့်တက်သွားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် စစ်ပွဲကြောင့် ချက်ပြုတ်ရာတွင်သုံးသည့် ဂတ်စ်(Cooking Gas) ပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ အထည်အလိပ်အချက်အချာဖြစ်သော စူရတ် (Surat) မြို့မှ ရွှေ့ပြောင်းလုပ်သားအများအပြား နေရပ်ပြန်သွားကြသဖြင့် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်ဟု Arya က ဆိုသည်။ “ကျွန်တော်တို့ အခုရက်ပိုင်းမှာ ကမ္ဘာတစ်ဝန်းက အော်ဒါတွေရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် မဖြည့်ဆည်းပေးနိုင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။
ရေနံထွက်ပစ္စည်းများမှ ထုတ်လုပ်သည့် ပိုလီယက်စတာသည် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ်ထုတ်လုပ်မှု၏ ၅၉ ရာခိုင်နှုန်းရှိပြီး အားကစားဘောင်းဘီတိုမှအစ ဝတ်စုံများအထိ နေရာတိုင်းတွင် အသုံးပြုနေရသဖြင့် အထည်အလိပ်လုပ်ငန်း၏ အဓိကမဏ္ဍိုင်ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်သွားမှုကြောင့် ရေနံထုတ်ကုန်များ ပြတ်လပ်မှုဒ-ဏ်ကို ၎င်းက တိုက်ရိုက်ခံစားနေရခြင်း ဖြစ်သည်။
ဤဖိအားသည် နောက်ဆုံးတွင် အာရှ၏ ပိုလီယက်စတာ အဓိကသုံးစွဲသည့် ထောက်ပံ့ရေးကွင်းဆက်ကို မှီခိုနေရသော လက်လီရောင်းချသူများထံသို့ ရောက်ရှိသွားနိုင်သော်လည်း လက်ရှိတွင်မူ လက်လီရောင်းချသူများသည် ကြိုတင်ဝယ်ယူမှုများ ပြုလုပ်ထားသောကြောင့် ချက်ချင်းလက်ငင်း ထိခိုက်မှုဒ-ဏ်မှ ကာကွယ်ပြီးသား ဖြစ်နေသည်။
ဗြိတိန်လက်လီရောင်းချသူ Primark ကမူ ၎င်းတို့၏ နွေဦး/နွေရာသီ ပစ္စည်းများနှင့် ဆောင်းဦး/ဆောင်းရာသီ ပစ္စည်းအများစုမှာ ထိခိုက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“တကယ်လို့ ကျွန်တော်တို့ဟာ စွမ်းအင်နဲ့ ဆက်စပ်နေတဲ့ ကုန်ကြမ်းတွေကို ဒီနေ့မှ ဝယ်ရမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို သိသိသာသာ ခံရမှာပါ၊ ဒါပေမဲ့ အခုက အဲဒီလိုမဟုတ်သေးပါဘူး” ဟု Primark ၏ မိခင်ကုမ္ပဏီဖြစ်သော Associated British Foods မှ CEO ဖြစ်သူ George Weston က Reuters သို့ ပြောသည်။ “ဈေးကွက်ထဲကို နောက်တစ်ကြိမ် ပြန်ဝယ်ရမယ့်အချိန်ကျရင် ဈေးနှုန်းတွေ ပြန်ကျသွားနိုင်သလို၊ ဘာဖြစ်လာမလဲဆိုတာလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
စက်မှုကဏ္ဍ သတင်းမြစ်တစ်ခု၏ အဆိုအရ H&M သည် လာမည့်သီတင်းပတ်များအတွင်း ဘင်္ဂလားဒေ့ရှ် ထောက်ပံ့သူများထံမှ ဈေးနှုန်းတိုးမြှင့်မှုများကို မျှော်လင့်ထားသော်လည်း ၎င်းတို့ကပင် စိုက်လျော်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
H&M ၏ ထုတ်ပြန်ချက်တွင်မူ ဘင်္ဂလားဒေ့ရှ်ရှိ ထုတ်လုပ်မှုများ၌ ကြီးမားသော အနှောင့်အယှက်များ မရှိသေးကြောင်းနှင့် “စွမ်းအင်ကုန်ကျစရိတ်ကြောင့် အော်ဒါများကို ပြန်လည်ညှိနှိုင်းပေးရန် ထောက်ပံ့သူများထံမှ သိသာထင်ရှားသော တောင်းဆိုမှုမျိုး မတွေ့ရသေးကြောင်း” ဖော်ပြထားသည်။
Zara ၏ ပိုင်ရှင်ဖြစ်သည့် Inditex ကုမ္ပဏီကမူ ၎င်းတို့၏ ပိုလီယက်စတာ ထောက်ပံ့မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ Target၊ Walmart နှင့် IKEA တို့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
Zara နှင့် H&M ကဲ့သို့သော လက်လီရောင်းချသူများသည် ပလတ်စတစ်ပုလင်းအဟောင်းများမှ ပြန်လည်ထုတ်လုပ်ထားသည့် Recycled Polyester များကို အဓိကပြောင်းလဲအသုံးပြုလာကြသဖြင့် ရေနံကြောင့်ဖြစ်သော ကုန်ကျစရိတ်ဖိအားကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ပိုလီယက်စတာ ထုတ်လုပ်မှုတစ်ခုလုံးတွင် ပြန်လည်ထုတ်လုပ်သည့် ပိုလီယက်စတာမှာ ၁၂ ရာခိုင်နှုန်းသာ ရှိသေးသည်။
စူရတ်မြို့ရှိ Radheshyam Textile အထည်စက်ရုံတွင်မူ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက ပိုလီယက်စတာ ရက်လုပ်သည့် စက်အလုံးရေ ၂၀၀ အနက် ထက်ဝက်ခန့်မှာ ရပ်နားထားရသည်။
“စစ်မဖြစ်ခင်က ကျွန်တော်တို့ တစ်ရက်ကို အထည်မီတာ ၁၀,၀၀၀ ထွက်ပါတယ်၊ အခုတော့ ၃,၅၀၀ ကနေ ၄,၀၀၀ ကြားပဲ ထွက်ပါတော့တယ်” ဟု ပိုင်ရှင်ဖြစ်သူ Kaushik Dudhat က Reuters သို့ ပြောသည်။ ၎င်းသည် ပိုလီယက်စတာချည်မျှင်အသစ်များ ဝယ်ယူခြင်းကို ရပ်ဆိုင်းထားပြီး၊ အကယ်၍ ဝယ်ယူမည်ဆိုပါက ဈေးနှုန်းအဆမတန် တက်နေသောကြောင့် ၎င်း၏အထည်ဈေးနှုန်းကို ၁၅ ရာခိုင်နှုန်းခန့် တင်ရောင်းရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဈေးတင်ခြင်းကို ၎င်း၏ဖောက်သည်များဖြစ်သော အထည်ကုန်သည်များက လက်ခံမည်မဟုတ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
စူရတ်မြို့ရှိ အထည်အလိပ် ဆိုးဆေးရောင်တင်ခြင်းနှင့် ပုံနှိပ်ခြင်း စက်ရုံများသည် ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ယခင်က တစ်ပတ်လျှင် တစ်ရက်သာ ပိတ်နေရာမှ ယခုအခါ နှစ်ရက်အထိ တိုးမြှင့်ပိတ်ထားရကြောင်း စူရတ်အထည်ကုန်သည်များအသင်းအဖွဲ့ချုပ် (Federation of Surat Textile Traders Association) ၏ ဥက္ကဋ္ဌ Kailash Hakim က ပြောကြားခဲ့သည်။
“ဒီအခြေအနေသာ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်ကြမ်းပြတ်လပ်မှုတွေ စတင်လာပြီး စက်ရုံတွေ အပြီးပိတ်လိုက်ရတဲ့အထိ ဖြစ်လာပါလိမ့်မယ်” ဟု သူက သတိပေးသည်။
Wood Mackenzie မှ အချက်အလက်များအရ အိန္ဒိယနိုင်ငံရှိ ပိုလီယက်စတာ ချည်မျှင်တို (Polyester Staple Fibre) ဈေးနှုန်းသည် ဖေဖော်ဝါရီလကုန်တွင် တစ်ကီလိုဂရမ်လျှင် ၁၀၀ ရူပီး ရှိရာမှ တစ်လအကြာတွင် ၁၂၆.၅ ရူပီးအထိ ခုန်တက်သွားခဲ့သည်။ အိန္ဒိယအစိုးရက ရေနံဓာတုကုန်ကြမ်းများအပေါ် သွင်းကုန်ခွန် လျှော့ချပေးခဲ့ပြီးနောက် ဈေးနှုန်း အနည်းငယ် ပြန်ကျဆင်းသွားသော်လည်း ဧပြီလ ၉ ရက်နေ့အထိ တစ်ကီလိုလျှင် ၁၂၀ ရူပီးနှုန်းဖြင့် မြင့်မားနေဆဲ ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ပိုလီယက်စတာ ထုတ်လုပ်သည့် တရုတ်နိုင်ငံတွင်လည်း ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ စက်ရုံအများစုသည် ဝါဂွမ်းအခြေခံ အဝတ်အထည်များကိုသာ အဓိက ထုတ်လုပ်သော်လည်း၊ စက်ချုပ်ရာတွင် အသုံးပြုသည့် ပိုလီယက်စတာ အပ်ချုပ်ချည်မျှင်များ ဈေးတက်လာခြင်းနှင့် လက်လီစက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
ဗြိတိန်စတော့အိတ်ချိန်းစာရင်းဝင် Coats ၏ လက်အောက်ခံဖြစ်သော Coats Bangladesh အပ်ချုပ်ချည် ထုတ်လုပ်ရေးလုပ်ငန်းက “ရေနံထွက် ကုန်ကြမ်းစရိတ်များ လျင်မြန်စွာ မြင့်တက်လာခြင်း” နှင့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်လာခြင်းတို့ကြောင့် ဧပြီလ ၁၅ ရက်နေ့မှစ၍ ဈေးနှုန်း ၁၅.၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်စာကို Reuters က ဖတ်ရှုခဲ့ရသည်။
“ဝယ်ယူသူတွေဟာ အော်ဒါတွေ မတင်ခင်မှာ ပိုပြီး သတိထားလာကြသလို အန္တရာယ်ရှိနိုင်ခြေတွေကိုလည်း သေချာတွက်ချက်လာကြပါတယ်၊ ဒါဟာ အော်ဒါပမာဏကို ထိခိုက်လာနိုင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ချည်ထည်ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mohammad Hatem က ပြောသည်။
“ဒီအခြေအနေသာ နောက်ထပ်တစ်လလောက် ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ အဝတ်အထည် ထုတ်လုပ်မှုတွေ ကျဆင်းသွားပါလိမ့်မယ်၊ ဒါကို ကျွန်မတို့က ‘ဝယ်လိုအား ပျက်စီးခြင်း’ လို့ ခေါ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်လီရောင်းချသူတွေက ဈေးတင်ရောင်းရမှာဖြစ်သလို စားသုံးသူတွေကလည်း ဝယ်ယူမှုကို လျှော့ချကြတော့မှာမို့လို့ပါပဲ” ဟု Wood Mackenzie မှ ချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ အဓိကလေ့လာသူ Bruna Angel က ဆိုသည်။
Ethylene-vinyl acetate (EVA) ကဲ့သို့သော ရေနံဓာတုပစ္စည်းများကို အားကစားဖိနပ် (Sneakers) များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေရသဖြင့် အမေရိကန် လက်လီရောင်းချသူများကလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားလာကြသည်။
“ဖိနပ်တွေကို ဘယ်နေရာကပဲ တင်သွင်းတင်သွင်း နယ်ပယ်အသီးသီးမှာ သက်ရောက်မှုတွေ ရှိနေပါတယ်” ဟု အမေရိကန် ဖိနပ်ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများအသင်း (Footwear Distributors and Retailers of America) ဥက္ကဋ္ဌ Matt Priest က ပြောသည်။ ၎င်းတို့အသင်း၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ ဖိနပ်များတွင် အသုံးပြုသည့် ဓာတုဗေဒ အခြေခံအစိတ်အပိုင်း ၂၅ မျိုးခန့် (ရာဘာတု ဖိနပ်အောက်ခံများမှအစ ပိုလီယူရီသိန်း အမြှုပ်များနှင့် ကော်များအထိ) ကို ဖော်ပြခဲ့သည်။
ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် လက်လီဈေးနှုန်းများ တက်လာနိုင်သလို အမှတ်တံဆိပ်များအတွက်လည်း ဝယ်လိုအားကို ခန့်မှန်းရန် ပိုမိုခက်ခဲလာစေနိုင်သည်။
“ရေနံနဲ့ ဆက်စပ်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ ထုတ်ကုန်ကုန်ကျစရိတ်အပေါ်မှာ တကယ်ပဲ သက်ရောက်မှု ရှိနေပါတယ်” ဟု Nike ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
