မတ် ၂၀ ရက်
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် ကြာသပတေးနေ့တွင် အကျဉ်းသား ၂၅၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ဆောင်ချက်မှာ နိုင်ငံ့သမိုင်းတစ်လျှောက်အများဆုံးလွှတ်ပေးခဲ့သည့် ပမာဏဖြစ်ပြီး အပြန်အလှန်အနေဖြင့် အမေရိက ကလည်း ဘယ်လာရုစ်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ထပ်မံဖြေလျှော့ပေးခဲ့ကြောင်း အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။
ဤအကျဉ်းသားလွှတ်ပေးမှုသည် နှစ်ပေါင်းများစွာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ပယ်ထားခံရခြင်းနှင့် ပိတ်ဆို့အရေးယူခံထားရခြင်းတို့မှ လွတ်မြောက်ကာ ဝါရှင်တန်နှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် လူကာရှန်ကို၏ ကြိုးပမ်းနေသည့် အစီအစဉ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၁၉၉၄ ခုနှစ်ကတည်းက ဘယ်လာရုစ်ကို အုပ်ချုပ်ခဲ့သော ၎င်းအနေဖြင့် နိုင်ငံအတွင်း နှိပ်ကွပ်မှုများကို လျှော့ချပေးခြင်းဖြင့် အမေရိက၏ ပိတ်ဆို့မှုများကို ဖြေလျှော့ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
ဘယ်လာရုစ် လူ့အခွင့်အရေးအဖွဲ့ Viasna ၏ အဆိုအရ ကြာသပတေးနေ့က ကြေညာချက်မထွက်မီတွင် နိုင်ငံအတွင်း၌ နိုင်ငံရေးအကျဉ်းသား ၁,၁၀၀ ကျော် ရှိနေခဲ့ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသူများထဲတွင် Viasna ၏ စေတနာ့ဝန်ထမ်းကွန်ရက် ညှိနှိုင်းရေးမှူး မာဖာ ရက်ဗ်ကိုဗာ လည်း ပါဝင်သည်။ ၎င်းသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး “အစွန်းရောက်ဝါဒ” နှင့် အခြားစွဲချက်များဖြင့် ထောင်ဒ-ဏ် ၁၄ နှစ်နှင့် ကိုးလ ကျခံနေရသူဖြစ်သည်။ ၎င်း၏ ထောက်ခံသူများက ရက်ဗ်ကိုဗာသည် ထောင်တွင်း၌ ပြင်းထန်သော ကျန်းမာရေးပြဿနာများ ခံစားခဲ့ရသည်ဟု ဆိုကြသည်။
ဘယ်လာရုစ်မြို့တော် မင့်စ်ခ်တွင် လူကာရှန်ကိုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ စေလွှတ်ချက်အရ ရောက်ရှိနေသော ဂျွန် ကိုးလ် တို့အကြား ဆွေးနွေးပွဲများအပြီးတွင် ဘလော့ဂါများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ဆန္ဒပြသူများကိုလည်း ပြန်လွှတ်ပေးခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
