နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နှင့် (၂၆)ရက်နေ့တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စတုတ္ထအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဇမ္ဗူသီရိမြို့နယ် အ သက် (၄၅)နှစ်ရှိ ကျောက်ကပ်လူနာအ မျိုးသမီးလူနာနှင့် ကျောက်ကပ်အလှူရှင် သားတော်စပ်သူ အသက် (၂၀)နှစ်ရှိ အ မျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခွဲစိတ်ချိန် (၆)နာရီခွဲ ကြာမြင့်ခဲ့သည်။
အလားတူ ပဥ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ပျော်ဘွယ်မြို့နယ်နေ အသက် (၃၄)နှစ်ရှိ ကျောက် ကပ်လူနာအမျိုးသားနှင့် ကျောက်ကပ်အလှူရှင် အစ်မတော်စပ်သူ အသက် (၃၆)နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခွဲစိတ်ချိန် (၅) နာရီ ကြာမြင့်ခဲ့သည်။
လက်ရှိတွင် ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့်ကျောက်ကပ်အလှူရှင် (၄)ဦးတို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်း မွန်လျက်ရှိပြီး လူနာများအားအထူးကြပ် မတ်ကုသဆောင်တွင်လည်းကောင်း၊ ကျောက်ကပ်အလှူရှင်များအား ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသဌာနတွင်လည်း ကောင်းထားရှိကာ လိုအပ်သော ကုသမှုများ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် -၁၀၀၀)အနေဖြင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလတွင် လည်းကောင်း၊ ဒုတိယအ ကြိမ်နှင့် တတိယအကြိမ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင်လည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆို သည်။
ယခုအခါကျောက်ကပ်အစားထိုးခွဲ စိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့၌ ပုံမှန်ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
